Saturday, December 22, 2012

ကမ္ဘာ့အမြင့်မြတ်ဆုံးနေရာ၌ အထူးမြတ်ဆုံးအလှူရေစက်ချပွဲ




အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ မဇ္ဈိမဒေသ ဗုဒ္ဓဂယာ၊ ကတ၀ါရီလမ်းတွင် ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးပဓာနပြုကာ ဆောက်လုပ်မည်ဖြစ်သည့် မဟာဗောဓိပရဟိတကျောင်းဆောက်လုပ်မည့် စတုရန်းပေ (၃၂၄၀၀) အကျယ်အ၀န်းရှိ မြေနေရာအား သာသနာ့ဝတ္တကမြေနေရာအဖြစ် မြေသန့်မင်္ဂလာအခမ်းအနားကို ၁၃၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၉) ရက် (၇-၁၂-၂၀၁၂) သောကြာနေ့ နံနက် (၉) နာရီ မိနစ် ၂၀ အချိန်တွင် အဆိုပါကျောင်းမြေနေရာ၌ ကျင်းပပြုလုပ်သည်။  အခမ်းအနားကို မနက်ပိုင်း၊ နေ့လည်ပိုင်း အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ရာ မနက်ပိုင်းအစီအစဉ်တွင် ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့ပြီး ဖွင့်လှစ်တော်မူသည်။
ထို့နောက် ဗုဒ္ဓဂယာမြန်မာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥာဏိန္ဒ မထေရ်မြတ်မှ ကြွရောက်လာသော ပရိတ်သတ်များအား ငါးပါးသီလ ချီးမြင့်ပေးတော်မူသည်။ ယင်းနောက် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူကြပြီး မြေသန့် အနန္တရိယကမ္မ၀ါစာကို ရွတ်ဖတ်တော်မူကြသည်။  မြေသန့်မင်္ဂလာအခမ်းအနားသို့ ကြွရောက်လာသော သံဃာတော် (၉) ပါးနှင့်အတူ စာသင်သားသံဃာ ၃၀ ပါး တို့အား ဗောဓိသုခပရဟိတကျောင်း၏ အကျိုးတော်ဆောင် တကာ ဦးဖိလစ်မှ န၀ကမ္မ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သီတဂူဆရာတော်ကြီးနှင့်အတူ ကြွရောက်လာသည့် သံဃာတော် အပါး (၃၀) ၊ လူပရိတ်သတ် (၁၅၀) ခန့်တို့အား ဘင်္ဂလားဒေခ်ျနိုင်ငံ၊ အ၀ကျွန်းဒေသ၊ တာတလီကျေးရွာမှ အလှူရှင် မပြုံးချေက နေ့ဆွမ်းအာဟာရတို့ဖြင့် ဆက်ကပ်ကျွေးမွေးသည်။ နေ့လည် ၃ နာရီအချိန်တွင် ဒုတိယပိုင်းအစီအစဉ်အဖြစ် သာသနာ့မြေအလှူရေစက်ချ တရားတော်နာ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရေစက်ချ အနုမောဒနာတရားတော်ကို ပြည်တွင်းပြည်ပ သာသနာပြု ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿရ မထေမြတ်မှ ဟောကြားချီးမြှင့်တော်မူသည်။ သီတဂူဆရာတော်ဘုရားကြီးက ကျောင်းလှူခြင်းသည် အလှူအားလုံးကို ပြုလုပ်ရာမည်၏ဟု မြေ၊ ကျောင်း လှူဒါန်းခြင်းနှင့်ပတ်သတ်သော အနုမောဒနာတရားတော်ကို ဟောကြားတော်မူပြီး၊ မဟာဗောဓိပရဟိတကျောင်း စတင်ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၅၀၀၀ တိတိကို သီတဂူဆရာတော်ဘုရားကြီးမှ ကိုယ်တိုင်ကိုယ်ကျ  မတည်လှူဒါန်းကာ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင်ပြုပြုသမျှသော ကုသိုလ်အဖို့တို့ကို ဝေနေယျသတ္တ၀ါတို့အား ရေစက်ချ အမျှ ပေးဝေတော်မူသည်။ ရေစက်ချအပြီးတွင် အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဌတု သုံးကြိမ်ရွက်ဆိုပြီး သီရိသုဓမ္မသိင်္ဂီ ဒေါ်သန်းသန်းနှင့် မဇ္ဈိမဂုဏ် ဘုရားဖူးအဖွဲ့ခေါင်းဆောင် ဒေါ်သီတာတို့မှ ရွှေမိုးငွေမိုးများ ရွာသွန်းကာ ဤကမ္ဘာ့အမြင့်မြတ်ဆုံးနေရာ၌ ထူးခြားမွန်မြတ်လှသော မြေအလှူရေစက်ချမင်္ဂလာနှင့် မြေသန့်မင်္ဂလာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ မြေသန့်မင်္ဂလာနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားသို့ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ မြေအလှူရှင်တကာ၊ တကာမများ ၅၀၀ ခန့် တက်ရောက် သာဓုခေါ်ဆိုကြောင်း သိရသည်။ ယင်းမဟာဗောဓိပရဟိတကျောင်း မြေနေရာတွင် ယခုအခါ အလျားပေ ၁၂၀ ကျယ်ဝန်းသော ယာယီကျောင်းဆောင်ကို ဖေဖ၀ါရီလတွင် ဘုရားဖူးများ တည်းခိုနိုင်အောင် ဆောက်လုပ်နေကြောင်း သိရသည်။



1 comment:

  1. သာဓု---သာဓု---သာဓု----- ပါ ဘုရား....

    ReplyDelete